Wednesday, January 20, 2010

အရေမရ အဖတ်မရ

မလေးရှားကကွမ်းနုဝါ
ကုလားပြည်ကဆေး
ကွမ်းသီး အင်ဒို နဲ့ 
သင်္ဘောသားထုံးဖြူ
ဗမာ ရှား
သာဝါးလို့ ထွေး။
စာသား အတင်းထည့်ထားပါကြောင်း( ပစ္စည်းအားလုံး ရွာမှ လှေနဲ့ လာပါသတဲ့)

ကွမ်း ဆိုလို့  ငယ်တုံးက ကျနော်တို့ မြို့ လေး မှာ  အဒူလာ ရောင်းတဲ့ ကွမ်းယာ အချို စစားဘူး တာပါ၊ ကွမ်းရွက် ကို ထုံး ရှားစေး သုတ်၊ ကွမ်းသီးအလှော်၊ အုန်းယို နည်းနည်း နာနတ်ယို ဘိန်းစေ့ အမွှေးရည် ပရုပ် စသည်ဖြင့် (ဆေးမထည့်ပါ)..  ဝါးပြီး အရည်ကို မြိုချတယ် .. နောက် အဖတ်တောင် မကျန်တော့ တာပါ .. 
နည်းနည်းကြီးလာတော့ သူများတွေ က ထုံး ကွမ်းသီး ဗမာဆေး ..  ဆိုပြီး မှာစားကြတော့ ကိုယ်ကလည်း ငါ ကလေးမဟုတ်တော့  လုပ်ပြီး .. သူများတွေလို လိုက် တုပြီးစားကြည့်တာပေါ့ .. မူးလိုက်တာ ခေါင်းတွေ အုံခဲ နေပြီး အန်လည်း အန်သေး .. တခါတည်း လှန်တာဘဲ .. ကွမ်း အရသာကို မခံစား တတ်သလို စားလည်း မစားဖြစ်တော့ပါ။
မန္တလေး မှာ ကျောင်း တက်တုံးက သူငယ်ချင်းတွေ က ကွမ်းကြိုက်ကြသူတွေပါ .. ၁၁မှတ် ကွမ်းယာ (အမှတ်၁၁ ရဲစခန်းရှေ့ ဆိုင်) နာမည်ကြီးပေါ့ .. ဇရပ်ကြီးသား သိန်းလွင် ဆိုရင် အဆောင်ထမင်းစား သံချောင်း ခေါက်ရင် စားလက်စ ကွမ်းကို ပါးစပ်က ထုတ် .. ပြူတင်းဘောင်ပေါ်တင်ခဲ့ပြီး ထမင်းသွားစား .. ပြီးတော့ပြန်လာရင် အဲဒီ ကွမ်းကို ပြန်မြုံ့ ပါတယ်။
ဘူမိဗေဒလေ့လာရေး နှင့် ဓါတ်သတ္တုရှာဖွေရေး ဦးစီးဌာနမှာ အလုပ်ဝင်တော့ ကရင်ပြည်နယ်ဘက် ကွင်းဆင်းတဲ့ သူတွေပြန်ပြောပြတာ ... ငှားထားတဲ့ အလုပ်သမားတွေ တောထဲ ကွင်းဆင်းလိုက်ရင် မြန်မာဆေးရွက်ကြီး ဘဲထည့်လာတယ် ရွာပျက်တွေမှာ ကွမ်းသီးတွေခူး အလေ့ပေါက်တဲ့ ကွမ်းရွက်တွေ ကလည်းပေါ .. အဲ.. ထုံးအတွက်တော့ .. ချောင်းဘေးက ခရုခွံ တွေကောက် ပြီး ၀ါးကျည်တောက် ထဲထည့် မီးဖုတ်တယ်တဲ့ .. ထုံးဖုတ်သလိုပေါ့  နောက် ရေနဲ့ ပြန်နှပ် ရော ခရုခွံCaCO3 ကို ဖုတ်တော့ CaO ,ရေပြန်ရောတော့ Ca(OH)2  ဟုတ်မလားမသိဘူး   မှားနေရင် ပြင်ဖတ်ပါနော်။

ဝါးသူတို့ ရဲ့  ထွေးထုတ် ခြင်း ဒါဏ်ကြောင့် ပင်နီစူလာပလာဇာတ၀ိုက် သည် ကွမ်းသွေးတို့ ဖြင့် ရဲရဲနီ၏ ..သို့ သော် ကျွတ်ကား မကျွတ် ..

ကျနော်တို့ တတွေဟာ ရိုးရာဓလေ့ကို အင်မတန်ထိန်းသိမ်း တတ်ကြသူတွေပါ။ ပင်နီစူလာပလာဇာ ဘက်ရောက် ခဲ့ ရင် ဘယ်လောက်ပင် အမိမြေ နှင့် ဝေး ကွာနေစေကာမူ ကွမ်းစားခြင်း ဓလေ့ ထိန်းထား ကြတဲ့ ကျနော်တို့  အမျိုးသား တွေကို တွေ့ နိုင်ပါတယ်၊ တံတွေး ထွေးရင် ရေအိမ်ထဲ သွားကြဘို့ အင်္ဂလိပ် မြန်မာ ၂ဘာသာ နဲ့  သတိပေး ထားတဲ့ ဆိုင်းဘုတ် ကို လေးစားသမူ့ ပြု တဲ့ အနေနဲ့  ဦးခေါင်းကိုငုံ့ ၊ ခါးကို ညွှတ်ပြီး ဆိုင်းဘုတ် အောက်တည့်တည့်  က အမှိုက်ပုံး ထဲကို ပျစ်ကနဲ ပျစ်ကနဲ တယောက်ပြီး တယောက် လာ Discharge လုပ်ကြ တာ တွေ့ ကြမှာပါ။ အောက်ထပ် ပတ်ပတ်လည် ရေမြောင်း တွေမှာ လည်း ဒီနေရာကို ကျနော်တို့ ရောက်ခဲ့တယ် လို့ ရဲရဲတောက် အမှတ်တရ သင်္ကေတတွေ ထား ရစ်ခဲ့ကြတာ .. မှတ်မှတ်ရရ ဖြစ်စရာလေး တွေပေါ့ဗျာ ..

တခါကလည်း လမ်းဘေး မြက်ခင်းထဲ ဗျစ်ကနဲ ထွေးထည့်လိုက်တဲ့ အမျိုးသား တယောက်ကို စင်္ကာပူရီးယန်း တယောက် က စိုးရိမ်တဲ့ မျက်နှာနဲ့ လာခဲ့ပြီး “ ငါ ဘာကူညီရ မှာလည်းဟင် .. Ambulance ခေါ်ပေးရမလား” လို့ မေး တယ်တဲ့ သွေးအံတယ် လို့ ထင်နေတာ ကိုး။(ထုံ ချက်)

ကိုင်း .. ဒီလောက် စားနေကြတဲ့ ကွမ်း.. မကောင်းရင် ဘယ်သူစား လိမ့်မလည်း ..
ကျနော်မစားရင် ပင်နီစူလာ တ၀ိုက် အမှတ်တရ မချန်ခဲ့ နိုင်တဲ့သူ ဖြစ်နေလိမ့်မယ် ... ဒီတော့ ..

ကဲ လာထား “ နိုင်တီတူး နဲ့ တကျပ်ဘိုး”                   


MKS     

( နိုင်တီတူး = အိန္ဒိယ မှလာတဲ့ ကွမ်းစားဆေးတမျိုးတံဆိပ် အမည်)

2 comments:

ရွှေရတုမှတ်တမ်း said...

စ လုံးမှာ အဲလောက်တောင်ကွမ်းစားနေကြပြီလား...

မောင်မိုး said...

နိုင်တီတူး ဂုန်ခါးလေးနဲ့မှ တင်းတိမ်တာဗျ...။ဟဲ..ဟဲ။
ထိုင်းမှာက ကွမ်းယာပေါချင်းသောချင်းဆိုတော့ ပင်နီစူလာတစ်ဝိုက်လို ကွမ်းသွေးစုမထွေးကြပါဘူး။ ထိုင်းတစ်နိုင်ငံလုံး ဗျစ်ဗျစ်မြည်အောင်ပဲထွေးကြတာ။

ခင်မင်စွာဖြင့်
မောင်မိုး