Friday, December 10, 2010

ကျနော် မြန်မာ အလုပ်သမား (ခေတ္တ စင်ကာပူ)

ကိုယ် ကျောင်းမှာ သင်ယူခဲ့တဲ့ ဘာသာရပ် နဲ့ သက်ဆိုင်တဲ့ မိခင်ဌာနကြီး မှာ အလုပ်ဝင် ခဲ့ရတာ သိပ်ကျေနပ် ခဲ့ပါတယ်၊ အစိုးရ ၀န်ထမ်းဘ၀ မှာတော့ ကျနော်နဲ့ ဘ၀တူ လုပ်ဖော်ကိုင်ဖက်တွေ အထက်က အရာရှိတွေ အပါဝင် စုမိ ဆောင်းမိတယ် ရယ်လို့  မရှိကြပါဘူး။ ကျနော် အလုပ်ဝင် ခဲ့တဲ့ ဌာနက လုပ်ဖော်ကိုင်ဖက် တွေ ကိုဆိုလို တာပါ၊ တခြား ဌာန န္တရ ကောင်းတဲ့ နေရာတွေက ကျနော်တို့ နဲ့ ဘ၀မတူ အစိုးရ၀န်ထမ်း တွေကတော့ ခြွင်းချက်ပေါ့။

အဲတုံးက ရတဲ့ လခဟာတကိုယ်စာ ဒါဝတ် ဒါချွတ် ဒါစား- ခြိုးခြိုးခြံခြံ ရပ်တည် နိုင်ရုံလေးပါဘဲ။

မိုးတွင်း ရန်ကုန်ပြန် နားပြီး ကျန်တဲ့ ပွင့်လင်း ရာသီတွေ ဆို မြန်မာပြည် တနံတလျား တောတွေ တောင်တွေ ကျွန်းတွေ ဆီ သက်ဆိုင်ရာ ဌာနခွဲ ဌာနစိတ် တွေအလိုက်ထွက်ကြ သွားကြပေတော့ ..
အလုပ် စ၀င်တုံးက သင်တန်းမှာ ညွှန်ကြားရေးမှုး တဦး ပြောသလို ဆူးလေလမ်းမ ပေါ် မှာ ဓါတ်သတ္တု လိုက်ရှာချင် လို့ မရဘူး ဆိုတာကိုး။

ကွင်းထဲက ပြန်လာရင် ငှက်ဖျားက အတူလိုက် လာခဲ့တာမို့  သူ့ ကို ခွာချဘို့  ရုံးငွေစာရင်းဌာနမှာ ခရီးစရိတ်၊နေ့ တွက်စရိတ် TA/DA တွေ ထုတ်လာသမျှ ပိုက်ဆံလေးတွေ လည်း ဆေးခန်းသွား ဆေးဘိုး နဲ့  ချောရောဘဲ။ တနှစ်ပြီးတနှစ် လုံးချာပတ်ချာလိုက်ရင်း  ၁၀ နှစ် ကျော် ကြာ လုပ်လာခဲ့ပြီး နောက်တော့.. အလုပ်က ထွက်လိုက် တော့တယ်။ 

တချိန်တည်း အတူတူ အလုပ်ဝင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် တယောက် အဲဒီတုံး ကပြောဘူး တဲ့ .. “ ပိုက်ဆံ က မလောက်ဘူးကွာ ငါ ၁၀ နာရီကျော် လောက်မှ မနက်စာ စားတယ် Brunch ပေါ့ ၂နပ်စာ အပီးဘဲ ပြီးတော့ သိပ်မ၀ါးဘူးကွ .. အစာကြေလွယ်ရင် ညနေထိ မခံဘဲ ပြန်ဆာမှာစိုးလို”့  ဆိုတာမျိုး..
နောက် လူ၂ယောက် လ္ဘက်ရည်ဆိုင်ထိုင် ပြီး ..ကော်ဖီမစ် တထုတ်ကို ရေနွေး၂ခွက် (တထုတ် ၂ခွက်) မှာသောက်ခဲ့ကြတာတွေ...အတော့်ကို တူသားပေသား ကျ ခဲ့တဲ့ တကယ့်ဘ၀ ခါးခါး အချိန်တွေ ဘဲ ...

အဲဒီအချိန်မှာ ရှိုးဂျော့ တွေ ခေတ်စားနေပြီ   သွားရည်ကျစရာပြန်ကြားရတဲ့ ဂျပန် မှာသွားလုပ်နေ ကြ သူတွေရဲ့  ၀င်ငွေ တွေ ......အိုး .. အဲလောက် ရလို့ ကတော့ "အိုက်တိုး" မကလို့  အိုဇုံးလွှာ အပေါက်ကြီး တက်ဖာခိုင်းတောင် လှေကားရှည်ရှည်သာပေး လို့ ပြောမှာဘဲ. ။
အိုကေ .. ဂျပန်သွားဘို့ လုပ်တော့မည် စစဦးဆုံး  အ အိ အု အဲ အော့ နဲ့ ဖွင့်လိုက်သည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ..

အပြီးအစီး ၃သိန်း ၊ ပါ့စ်ပို့ တော့ ကိုယ့်ဖာသာ လုပ်တဲ့၊    ပိုက်ဆံအကြောင်းမေ့ထား စဉ်းစားနေရင်ခေါင်းပူ တာဘဲရှိမယ်. နောင်ခါလာနောင်ခါဈေး .. PP ကလည်း ခက်ခက် ခဲခဲ မရှိပါ ဘူး ။ လမ်းကြောင်းအတိုင်း သွားလိုက်တာ မကြာပါဘူး ဘုတ် ကျ လာပါတယ်။

သို့ ပါသော်လည်း .. ကံအကြောင်းတရား က ကြံရောင်းကုလား လိုပါဘဲ .. PP လျှောက်တဲ့    Appointment Letter တွေမှာ သက်ဆိုင်ရာ နိုင်ငံ ရဲ့ မြန်မာသံရုံး Endorsement ပါရမယ်ဆိုပြီး  စာတွေ ထွက်လာရော .. ဘုတ်ကျထားပြီးသား တွေလည်း သွားမထုတ်ရဲတော့ဘဲ.. အဲဒီမှာ ရွာ စ လည်တော့ တာပါဘဲ။

Appointment Letter အတွက် အမေရိကန်ဆိုင်ရာ မြန်မာသံရုံး တံဆိပ်တုံး ပါတာနဲ့ ဆို ပါ့စ်ပို့  မှာ Good for travel to ဆိုပြီး ဂျပန် ၀င်လို့ ရတာမို့ ...အဖွဲ့ အစည်းကြီးတခု က လူကြီးတယောက်ဆီမှာ အမေရိကန် Appointment Letter ကို ၈သောင်း နဲ့ အပ် လိုက်ပါတယ်။ ရှစ်လ ကျော် ကြာသွားတဲ့ အထိ အဲဒါကြီး ရောက်မလာပါ။ နောက်ဆုံးတော့ ပါ့စ်ပို့ လျှောက်ဖို့  ..Appointment Letter မှာ သံရုံး Endorsement မလိုတော့ဘူး ဆိုပြီးထပ်ထွက်လာတော့မှ ..အဲဒီ ပုဂ္ဂိုလ်ကြီး ကို ထပ် သွားတွေ့ ရပါတယ် .. ချက်ချင်းဘဲ ပိုက်ဆံပြန် အမ်းပေးပါတယ် ( ပုဂ္ဂိုလ်ကြီး ကျမ္မာပါစေ)။

အချိန်တွေတော့ ကုန်သွားတာပေါ့ ဘာတတ်နိုင်မှာလည်းလေ.... ချေးထားသမျှ လက်ကျံလေးက ထန်းလျက်လုံး ခွေးလျှက် လုံးပါးပါး လာ.. ဂျပန်လည်း မမှီတော့ဘူး ဆိုတော့ ............  အရင် ပို့ စ်တွေမှာ ရေးခဲ့ပြီး သလိုပါဘဲ စင်္ကာပူ တော့ ရောက်လာခဲ့ပါတယ်။
အလုပ် မကြမ်းတကြမ်း လေးတခု လည်း ရခဲ့ ပါတယ် .. (ကုလားအုပ် ထိန်း) 

အလုပ်ထဲမှာ အိန္ဒိယ ဘင်္ဂလား ထိုင်း လုပ်သား တွေ တွေ့ ရ ကြုံရ ပါတယ်။ သူတို့ က နေ့ စားလုပ်သားတွေ အများစု ပါ၊  ပိတ်ရက်တွေ နားရက်တွေမှာ လုပ်ခ ပိုက်ဆံမရကြပါဘူး  ကံအားလျော်စွာ ကိုယ်ကတော့ လစား လေးပေါ့။ စီးပွားရေး အဆင်မပြေလို့  ပိုက်ဆံလိုချင်လို့ လာကြသူ တွေချင်းမို့  ကိုယ့်ဘက်က တတ်နိုင်တဲ့ ဖေးမ မှု့ မျိုး သူတို့ အပေါ်ပေးပါတယ် သူတို့ ရဲ့ ပူးပေါင်းဆောင်ရွက် မှု့ လည်းရတော့ လုပ်ရတာ လည်း ပိုအဆင်ပြေ တယ်.. ရောက်စဆိုရင် အတွေ့ အကြုံ အများကြီးရှိပြီးသား လုပ်သားတွေဆီက အကူညီ တွေယူရပါတယ်။ Pressure တွေ Release လုပ် ပေါက်ကွဲတဲ့အခါတွေလည်း ရှိကြတာပေါ့။ လူတွေကိုး ..

အလုပ်ထဲမှာ ဘော်ဒါတွေနဲ့ နားတုံး၊ အော် ..ဒီ ထီးရိုးက ကာနေသေးတယ်

ထိုင်းတွေ ဘင်္ဂလား ၊အိန္ဒိယ၊တရုတ် တွေ တခြားနိုင်ငံ တွေ ထွက် အလုပ်လုပ် နေကြ ချိန်မှာ ကျနော်တို့ နိုင်ငံ က အမျိုးသား အမျိုးသမီးတွေ က နီးစပ်ရာ အိမ်နီးချင်း အဲဒီနိုင်ငံ တွေကို  သွား ပြီး ပိုနည်းပါးတဲ့ လုပ်ခ တွေနဲ့ တရားဝင်ရော တရားမ၀င်ပါ ၀င်လုပ်နေကြတာ စိတ်ထဲ မှာ တမျိုး ခံစားရပါတယ်(ပညာရှင်ကော်လာဖြူ များကို မဆိုလိုပါ)။

 Migrant Workers တွေခြင်း တူပေမဲ့ ရတဲ့ဝင်ငွေ လုံခြုံမှု့ နေထိုင်ရတဲ့ အနေအထား အခွင့်အရေး အခွင့်အလမ်း အများကြီးဘဲ ကွာမှာဘဲ (သာမန် လုပ်သား “ အထူးသဖြင့်တောင်ကျော်”များ ကို ဆိုလိုတာပါ)။

ကိုယ်ကိုယ် တိုင်လည်း သူတို့ နဲ့ စာရင် အခြေအနေ နဲနဲ ပိုပေးလို့  ကံလေး ပိုသင့်လို့ သူတို့ နဲ့ စာရင် နဲနဲလေး ပိုသက်သာတဲ့  အလုပ်နေရာ တခု ကို ရောက်နေပေမဲ့ ထွက်လာ ကတည်းက ဘာဘဲ လုပ်ရလုပ်ရ ဆိုပြီး လာခဲ့တာမို့ လာခဲ့ရာလမ်း လည်း မမေ့ပါ။ အရင်နဲ့ စာရင်တော့ လက်ထဲ မှာ လခ ထုတ်ပြီးရင် ငွေစလေး နဲနဲ နဲ့  လောလောဆည်ဆည် ကြွေးကင်းနေသေးတဲ့ အချက်လေးကတော့ သာနေသလိုရှိရဲ့ ။

ခုတော့လည်း တခြားနိုင်ငံ မှာ အလုပ်သွားလုပ်နေတဲ့ အလုပ်သမားတယောက်ပေါ့ ...
ရွာပြန်ရင် လေဆိပ်မှာ တာဝန်ကျသူတွေက နိုင်ငံခြားမှာ အလုပ်လုပ် လာတဲ့သူတွေဘဲ ဆိုပြီး ငွေတွင်းထဲ ဆင်းပြီး ပြန်တက်လာ သလိုလို အထင်တကြီး နဲ့ ဘာညာ .. ...         ကြုံဘူးကြမယ် ထင်ပါတယ်...
သက်ဆိုင်ရာသံရုံး မှာလည်း ဒီလိုတွေပါဘဲ .. လာထား ...
ဆက်ရေးရင်လည်း

ခရီး ကတော့ ဆက်လျှောက်နေရဦး မှာဘဲ ... လမ်း မဆုံးသေးသရွေ့ ပေါ့