Thursday, December 31, 2009
Part Time စိုက်ပျိုးရေးသမား
ကျနော် တို့  မြို့ နားက လွယ်မယ်တောင် ပေါ် က မစိုက် မပျိုး ဘဲ ထားတဲ့ မြေတကွက် ကို ပိုင်ရှင် က ခွင့်ပြု လို့  ထွန်စက် တစီးငှား ပြီး စိုက်ဖို့ မြေ ပြင် လိုက်ပါတယ်၊စိုက်ပျိုးရေး နဲ့ ပတ်သက်တဲ့ စာတွေ တော့ ရသလောက် လက်လှမ်း မှီရာ ရှာဖတ်ပါတယ်။
မျိုးအာလူး ကို အချိန် ၈၀၀ လောက် ၀ယ်လိုက် ပြီး စ စိုက် လိုက်ပါပြီ၊ တပတ်လောက် နေတော့ အညှောက် လေး တွေထွက် အပင် စပေါက် လာပါတယ်။
ရက် ၂၀လောက်မှာ အားလုံး ရွက်နု စိမ်းတွေနဲ့  အပင်ပေါက် တွေ ညီညီ ညာညာ ရှိ ချိန်ပါ။ မြေသြဇာ ထပ်ကြွေး ပိုးသတ်ဆေး ဖျန်းဘို့ လိုလာပါပြီ။ မိုး မျှော်နေတာ မလာ သေးတော့လည်း ပူရပြန်ပါ ရော။
 မိုး ရွာလာ ပြီဆို ရင်တော့  လောင်ရောဂါ (Potato blight) တွေ အတွက် ကာကွယ်ဆေးတွေ ဖျန်းဘို့  လုပ်ရ ပါတယ်၊မိုး အုံ့  နေရင်.. မိုးဖွဲ ဖွဲ လေးရွာ နေရင် လောင်ကျတတ်လို့ ပါ...  ဒီ လိုနဲ့ စစိုက်တဲ့ ရက်က နေ ရက် ၉၀ ကြာ ရင် အာလူး က တူး လို့ ရ ပါပြီ ။
 (သရက်ပု ရွာ မှာလည်း အာလူးတခင်း စိုက်ပါတယ် မြေကွက် ပိုင်ရှင်က တော့ ဒီမြေကွက် မှာ အာလူးစိုက်ပြီးရင် ကျန်ရစ်ခဲ့မဲ့ နောက်ချေး၊ မြေသြဇာ ဓါတ်တွေ ကို နောင်နှစ် စိုက်မဲ့ တောင်ယာ စပါး အတွက် အထောက်အကူ ဖြစ်အောင် ပေးစိုက်တာပါ။)
ဒီတခေါက် ရွာပြန် အာလူး စိုက် တဲ့ အတွေ့ ကြုံ အရ
  • မျိုး မမှန် မှာ ပူရ
  • မိုးမရွာ မှာ ပူရ
  • ပိုး ရောဂါ တွေ အတွက် ပူရ
  • သူခိုး ခိုး မှာ ပူရ
  • သီးနှံ ထွက်လာတော့ ဈေးမရ မှာ ပူရ
   သူငယ်ချင်းတယောက် ပြောသလို... စိုက်ပျိုးရေး  ကတော့ စိတ်ကူးယဉ် ဘို့ ဘဲ ကောင်းတယ် ဆို တာ ဟုတ် သလို ဘဲ.....
ဒီပိုး ၃
အလုပ် ရှာဖို့  ဇတ်လမ်း
ကျနော် တို့ နေကြတဲ့ ပိုတုံပါဆေး အိမ်က ကျနော်တို့ ရဲ့  Leader ကြီး ကိုဇော် စီစဉ်ပေး တဲ့ အတိုင်း စီဗီ ပြင် နောက် နေ့  ပင်နင်ဆူလာ ပလာဇာ မှာ သွားရိုတ် ကော်ပီပွား တတိယ မြောက်နေ့  မှာ ကိုဇော် မိတ်ဆွေ တွေ ဆီက ရတဲ့ ကုမ္ပဏီ ၃ ခုရဲ့  လိပ်စာတွေ အတိုင်း လူ ကိုယ်တိုင် လိုက် ပို့ ပါ တော့တယ် ။ (အရင် ရောက် နေ တဲ့ ကိုတင်မောင်နီ နဲ့  ကိုမောင်မောင်တွတ် တို့  ကူညီ ပြီးလိုက်ပို့ ပေးတာပါ)
နောက်၂ရက် နေတော့ ကုမ္ပဏီ တခု က အင်တာဗျူးလာဘို့  ဆက်သွယ် လာပါတယ်၊ ခု ဘက် ခေတ် လို ဟန်းဖုန်းတွေ ပေါပေါ များများ မရှိ သေး ဘဲ ကိုယ်ပိုင် ဟန်းဖုန်း ရယ် လို့ ကိုယ့်မှာ မရှိ တော့ ပေးထားတဲ့ အိမ်ဖုန်း ကို ခေါ်လာတာပါ ။ (စကားဖြတ် ပြောရရင် အဲဒီ တုံး က  အလုပ်အတွက် လိုအပ်လို့  ပေးသုံး တဲ့ ဟန်းဖုန်းတွေ ဆိုတာ တတောင် လောက် ရှည် တဲ့ ဖတ်စ် ဂျင်နရေးရှင်း ဟန်းဖုန်း ကြီးတွေပေါ့။ ကျနော်တို့ က နွားခလောက် လို့ နာမည်ပေးထားတဲ့ Pager တော့ ပေး ပါတယ် ပေဂျာ လာရင် အနီးဆုံး Phone Booth ရှာတော့ဘဲ .. ခုနောက်ပိုင်း Hand Phone တွေ ပေါပေါ သုံး လာတော့ Pager လည်း မသုံးကြတော့ဘူး ) ကုမ္ပဏီ က ဖုန်းခေါ် လာတဲ့ အချိန်မှာ အပြင် ရောက် နေလို့  အိမ်မှာ ရှိနေတဲ့သူက လက်ခံထား ပေးပါတယ်။ “နက်ဖန် ၁၁ နာရီ အင်တာဗျူး လာခဲ့ ပါ ဘယ်ကုမ္ပဏီ ကပါ”
ထွေထွေထူးထူး တော့ မမေး ပါဘူး  CV မှာရေး ထားတာ တွေ ကြည့် ပြီး ဘာလုပ်တတ် လား .. ရပါတယ် ပေါ့ ... ဆိုင်ကယ် စီးတတ်လား ...  ရတယ် ဘဲ ...  နောက် လစာ ဒီလောက် ပေးမယ် .. အင်း  အိုကေ ပြီးတော့ ပြောသေးရဲ့   ဆိုင်ကယ် စီးရင် သတိထားနော် ကားတွေ အများကြီး  Not like your country တဲ့ တလွဲ..  နောက်တော့ ပေးတာလည်း မဟုတ်ဘူး .. ဒါပါဘဲ .. HR က တယောက် ခေါ် EP Form ဖြည့် ... နက်ဖန် အလုပ် စဆင်းတော့ တဲ့ ... EP Approved မဖြစ် သေး ဘဲ ဆင်းလို့ ရ ရဲ့ လား ဆို တော့ ရဲ ဖမ်းရင် မင်း ကိုမဖမ်းဘူး ငါ့ ကိုဖမ်း မှာ .. မပူနဲ့  တဲ့ ...
 အိုကေ .. အလုပ်တခု တော့ ရလာ ပြီ ။
Saturday, December 12, 2009
ဒီပိုး ၂
လေယာဉ်ပေါ်မှာ ဘေးခုံ ကလူက စင်ကာပူရီးယန်း တယောက် ပါ ။ သူ မေးတာ နဲ့  စကား ပြောဆို ဖြစ်ခဲ့ ပါတယ် ပြောလေ့ ပြောထ မရှိ ခဲ့ ဘူးတဲ့ အင်္ဂလိပ် စကား ကို ထစ်ထစ် ထစ်ထစ် ပေါ့၊ နောက်ဆုံးမေးတာက မင်း  စင်ကာပူမှာ အလုပ်လုပ် ချင်လား တဲ့... “ငါအင်္ဂလိပ် စကား မပြောတတ်ဘူး” လို့ ဆိုတော့ သူက..“မင်းအခု အင်္ဂလိပ် စကား ပြောနေ တာ လေ” တဲ့ .. အင်း ... အားတက်သွားခဲ့ သလိုဘဲ  ဟုတ်သားဟ   ဘိုလို တော့ နေ ခဲ့ ကြတာဘဲ  ။
ချန်ဂီ လေဆိပ် ရောက် တော့ သူများတွေ နောက်က လိုက် ရင်း Immigration counter တွေ ဆီရောက်လာတော့ Show Money မပြ နိုင် လို့  ၁ပတ် ဘဲ စတေး ပေးမယ်တဲ့၊ ငါ ပိုက်ဆံ တွေ လွဲထားပါတယ် ဒီဖုန်း နံပါတ်ကို ဆက်ကြည့် ပါ ဆိုလည်း... မင်းနောက်မှာ လူတွေ အများကြီးရှိ သေးတယ် .. နောက်မှ Extend သွားလုပ် ဆိုပြီး ဒုန်း ဆိုထုချ လိုက် တော့တာဘဲ...အဲ တုံးက မြန်မာပြည် သားတွေ အတွက် စင်ကာပူ ၀င် ရင် ဗီဇာ မလို သေးတဲ့ အချိန်ပါ။ စိတ်တော့ အတော် ပိန်သွား တာဘဲ..
သူများတွေ လုပ်သလို ထရော်လီ တစီး ဆွဲ Conveyor Belt ကထွက်လာ တဲ့အိတ် ကောက်တင် ပြီး တွန်း ထွက်ခဲ့တာပေါ့ .. အွန် .. ဘီးတွေက မလည်ဘဲ တရွတ်တိုက် ကြီး လိုက်နေ ပါလား အပျက်ကြီး ထင်တယ်.. ဒီ နေ့ ကတော့ ကံ ကို မလိုက်တာဘဲ ပေါ့   ဒီလိုဘဲ ကြိတ် တွန်း ပြီးထွက် လာခဲ့ ပါတယ် .. 
( နောက်မှသိတာ က ထရော်လီ တွေ ရဲ့ လက်ကိုင် ကို အောက်ဖိပြီး တွန်းရမယ် နို့ မို့ ဆို ဘရိတ်အုပ်ထား တာ ဆိုတာဘဲ .. Security Camera နဲ့  ကြည့်နေသူတွေ ကတော့ ရီ နေကြ မှာ .. တတ်နိုင်ဘူး ) .. လေယာဉ် ပေါ်   ကကျွေးတဲ့ အစာ တွေကို ပိုက်ဆံပေး ရတယ်ထင်ပြီး မစား ရဲ ခဲ့တဲ့ သူတယောက် ပြန် ပြောပြတာ ကို ရီမောခဲ့ လို့  ၀ဋ်လည်တာ နေမှာ ။
ကိုအောင်ခိုင် နေတဲ့  Jurong West  က အိမ် ကို လိုက်လာခဲ့ပါတယ်။
အင်း စင်ကာပူ တော့ ရောက်ပီ ...
Sunday, December 6, 2009
ဒီ ပိုး
နိုင်ငံခြား ထွက်ပြီး ရှိုးဂျော့ အလုပ် လုပ်ကြတာ ခေတ်စားလာ တော့ ကျနော့် ကို လည်း ဒီ ပိုး မြန်မြန်ဆန်ဆန် ကူးစက်ခဲ့ ပါတယ်။ လက် ထဲမှာ ပိုက်ဆံ ကလည်းမပြည့်စုံ...ဒါပေမဲ့ ဘာဘဲ ဖြစ်ဖြစ် ဆိုပြီး အလုပ် ကတော့ အရင်ထွက် လိုက် ပါတယ်၊ ထွက်တဲ့သူတွေ များတော့ အလုပ်ထွက်တာ တောင် အင်တာဗျူး နဲ့ ထွက်ရတာပါ။
ရန်ကုန် မှာ ကျော တနေရာ စာ အတွက် ကျနော် တို့ မြို့နယ် ရဲ့ သမ၀ါယမ ဌာနခွဲ ရုံးခန်း ထပ်ခိုးလေးပေါ်မှာ ရုံးခွဲ တာဝန်ခံ နဲ့  လူကြီးတွေရဲ့  ခွင့်ပြုချက် နဲ့  နေထိုင်ခွင့် ရလိုက် တာ မို့  .. အင်း.... အဆင်ပြေသွားခဲ့ပါတယ် ။
အမ နဲ့  ချစ်ယောက်ဖ ဆီက ချေးလာတဲ့ ပိုက်ဆံ နဲ့  ပါစ်ပို့  စလုပ် ပါတယ် ပါစ်ပို့  ဇာတ်လမ်းကတော့ အရှည်ကြီးမို့  နောက် မှဘဲ ထပ် ရေးပါတော့မယ်။
ပိုက်ဆံကတော့ တန်ဘိုးရှိ နေတုံး လို့ ပြောရမလားဘဲ ..လမ်းထိပ်က ဆိုက်ကားဆရာ တွေစားတဲ့ မဘဲဥ ဆိုင်မှာ ငါးကြော် ၀က်ချို ၀က် ကြော် ဘဲဥ ကြက်သား တမျိုးမျိုး နဲ့  ထမင်း+ လိုက်ပွဲ တပွဲ ဆို ၁၃ ကျပ်လောက်ဘဲ ပေးရပါတယ်.. ဖရီး အော့ဖ် ချာ့ဂ်ျ ရေနွေးကြမ်း နဲ့ မျှောချ.. ငပိရည် အတို့ မြုပ် က FOCပါသေးပေါ့။ ဈေးအ ချိုဆုံးဆိုင် တွေဆိုတော့ အသား တွေ ဘယ်ကလာ လည်း ဆိုပြီး အသားတွေ ရဲ့ ကွာလတီ နဲ့ လာရာလမ်း ကိုတော့ တွေးမနေ တော့ပါဘူး ငါးကြော် နဲ့ ဘဲ အများဆုံးစားဖြစ်ခဲ့တယ်။
နောက်ဆုံး ပါစ်ပို ရ့ပြီး တဲ့တနေ့ တော့ ဘကြီး မ စ တဲ့ ငွေ ကို ဟွန်ဒီ လွဲလိုက် ပြီး MFTB က တရားဝင် လဲ ပေးတဲ့ ၆၅ ဒေါ်လာကိုင်ပြီး လေယာဉ်ပေါ် တက်ခဲ့ ပါတော့တယ်၊၊
Saturday, December 5, 2009
Mandalay Arts and Science University. (1974-78)
မန္တလေး ... ကျွန်တော် တို့ ရဲ့ ရွှေ မန္တလေး
ရပ် ရွာ  ထူး ခြား
ဝေး လေ ငြား လည်း
စက် ပါး တွင် ပင်
ထင် တုံ ရေး ရေး
ချစ် စိတ် ပြေး သည်
မ ဝေး ရှု မျှော် ဘိ ၏ သို့ ……..
( ပထမ နှစ် တုန်းက Chemistry က  သူငယ်ချင်း ရေးထားတာပါ ..နတ်သျှင်နောင် ရတု ထဲက လား? မမေး ခဲ့ မိပါ )
Mandalay Arts and Science University.  
Geology (1974 - 1978) 
မန္တလေး တက္ကသိုလ်ကြီး မှာ ကျောင်းတက်ခဲ့တဲ့ အချိန်တွေ အဆောင်နေခဲ့တဲ့ အချိန်တွေ ကို ပြန် သတိရမိ တိုင်း၊ ကျွန်တော် အတွေးနယ် ရဲ့ အတိတ်ထဲ မှာ အချိန်ကြာကြာ မျောပြီးပါ သွား   တတ်ပါတယ်။
မန္တလေး ကို ရောက်တိုင်း လည်း အလွမ်းပြေဖို့  အလွမ်းဖြေ လို့ ကျောင်းတော်ကြီး ထဲ ရောက်အောင် သွားပါတယ်။ ဖတ်ဖူးခဲ့ တဲ့ စာတပုဒ် ထဲက လို ..မိခင် ကျောင်းတော်ကြီး ကို လွမ်း နေ တဲ့ အလွမ်း မဟုတ်ဘဲ ကျောင်းတက်ခဲ့တဲ့ ငယ်ဘ၀ အချိန်တွေ ကို လွမ်း နေတာဘဲ ဖြစ် နေ မှာ လား.. အဲဒီလိုဘဲ ဖြစ်ရင် လည်း ဖြစ် မှာပါ  ..      အမိ တက္ကသိုလ် ကြီးကိုရော ငယ်ဘ၀ ကိုရော … မလွမ်း ဘယ်သူ ရှိ မှာ လည်း လေ…       
ခရီးသွား ဖြစ် လို့ မန္တလေး နား နီးလာပြီ ဆိုရင် ကိုယ့်ရပ် ကိုယ့်ဌာနေ ကို ပြန်လာသလို ခံစားမူ့ မျိုး နဲ့  အလိုလို ရင်ထဲ လှိုက်ခုန် လာတတ် တာ ကျွန်တော် တယောက်ထဲ ဖြစ်တာတော့ မဟုတ်ဘူး ထင်ပါ တယ် ..  ကျွန်တော့် လိုဘဲ ရွှေမန္တလေး ကို ချစ်တဲ့ မန်းတက္ကသိုလ် ဆင်း တွေ အများကြီး ရှိ ဦးမှာပါ။ 
လွမ်းရတဲ့ အမိတက္ကသိုလ် ကျောင်းတော်ကြီး ဆီ ကို အရောက် လာခဲ့ နိုင်ပေမဲ့ .. ပြန်တမ်းတမိ လွမ်းမိရတဲ့ ငယ်ဘ၀လေး တွေ ကတော့ ..စိတ်ကူးထဲ မှာဘဲ ရောက်နိုင်တော့တဲ့ .. အစားပြန် မရနိုင် တော့တဲ့.. ပျောက် ဆုံး ခဲ့ ပြီ ဖြစ် တဲ့..   နိဗ္ဗာန်ဘုံ လေး   ပါ  ..
အရောက် လာ ခဲ့ ပြီ  M A S U  ရေ့    ..
မိန်းရှေ့က လှေကားထစ် တွေပေါ် မှာထိုင်ချ လိုက် တာနဲ့ တချိန်တည်းမှာဘဲ အလိုလို ရှိုက်မိ သွားတဲ့ ပင့်သက် တချက်နဲ့ အတူ .. ကျွန်တော့် ရင်ထဲ မှာလည်း လှိုက်ကနဲ ခံစားမူ့လေး တခု ဖြစ်သွားခဲ့ပါတယ်။ အရင်က ပျော်စရာ ကြည်နှုးစရာ နေရာလေးတွေ ဟာ ..
ခုတော့လည်း …
ပြန်သတိရစရာ - လွမ်းစရာ …။  
ကျောင်းရှေ့လမ်း တဖက် မျက်နှာစာ တလျှောက် ရဲ့ ကုက္ကိုပင် တန်းကြီး ဆီက ရော်ရွက်ဝါလေးတွေ တဖြုတ်ဖြုတ် နှင့် ဝေ့ကာ ၀ဲကာ ကြွေ ကျလာ နေကြ တာ လိပ်ပြာ လေးတွေ နှင့်ပင် တူ နေပါသေး တော့၊
မိခင် ဘူမိဗေဒဌာန ရှိတဲ့ NB ဘက်ကို ခေါင်းလေး စောင်း ငဲ့ လို့ ငေးကြည့် လိုက်မိ တော့ ဘာကို မှလည်း သဲသဲကွဲကွဲ မမြင်ရတော့ဘဲေ၀၀ါး သွားလို့ နေ တယ် ..
ကျွန်တော့ ရဲ့ မျက်လုံးတွေ ပွင့်နေ ပေမဲ့ အမြင် အာရုံ ထဲ မှာ ပေါ်လာနေ တာ တွေ က..
.............   ဟိုးတချိန်က စည်ကားပြီး လှုပ်ရှား သက်ဝင်နေတဲ့ ပုံရိပ်တွေ ..
ပင်မအဆောက်အဦးကြီး ကို ဦးတိုက် ထားတဲ့ ၇၃ လမ်း ကနေ ဖယ်ရီကား လေးတွေဝင်လာတာတွေ ..
တွီ ကနဲ .. ၀ီစီသံ တချက် နဲ့ အမှတ်-၃ ကားပြာဘတ်စကားကြီးတစီး အိပဲ့အိပဲ့ နဲ့ ဂိတ်က ထွက်သွားနေ တာ
ဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ် မန္တလေး .. ဆိုတဲ့ မုဒ်ဦးကြီး အောက်က မြင်းလှည်း တစီး ခွာသံ တခွပ်ခွပ် ပေးလို့ ထွက်သွားနေတာ..
စက်ဘီးလေးတွေ စီးလာနေ ကြတဲ့ ဒေးကျောင်းသူ ကျောင်းသား အစုလေးတွေ ..
Class အဆင်းအတက် သွားနေလာနေ ကြတဲ့ တက္ကသိုလ် ကျောင်းတော်သူ ကျောင်းတော်သားတွေ  … နောက် .. ချစ်သူ လေးကို စက်ဘီး ရှေ့တန်း ပေါ်မှာ တင်ပြီး နင်းလာတဲ့ ချစ်သူစုံတွဲလေး တတွဲ ….
ကိုယ် ကသာ လှေကားထစ် တွေပေါ် မှာရှိ နေပေမဲ့ စိတ်က တော့ ကိုယ် ကနေ ခွာလို့ ဟိုးနှစ် ၃၀ ကျော် ၄၀ နီးနီး အချိန်တွေ ဘက် ပြန်သွား ခဲ့လေ ရဲ့ ….  စိတ် ရှိသလိုသာ သွားတော့ကွယ် ..
လေရူးလေး တချက် အဝှေ့ နဲ့ ကတ္တရာ လမ်းပေါ်က ကုက္ကိုရွက် ကြွေတွေ .. ဝေါ ကနဲ  ရွေ့အသွား မှာ အတိတ်နယ် ဆီ အလည် ရောက် နေခဲ့တဲ့ စိတ်လေး လည်း ပြန်လှည့် လာခဲ့တယ် .. အင်း … ခဏ တော့ ကျွန်တော် ရူးသွားခဲ့ သလိုဘဲ၊ အသက်ရှုဘို့များ ပင် မေ့နေ ခဲ့ လေရော့ သလား  
                ---------------------------------------------------------------
မန်းမြေ မှာ…  ၄နှစ်တာ … ပညာဆည်းပူး ခဲ့ရာ၊  ပြုံးလို့ပျော်ရွှင်စွာ .. အပေါင်းအသင်းများ နဲ့သာ …
                ဘုရားကြီး နှင့် အိမ်တော်ရာ … တနင်္ဂနွေ နေ့တိုင်း ဆီမီး ကပ်လှုတာ … ”  
၁၀ တန်းအောင်ပြီး မန္တလေး ၀ိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ် မှာ ပထမ နှစ်တက် ဖို့  သံလွင်မန်း ကားကြီးနဲ့ မန္တလေး ကို စရောက်လာ တဲ့ နေ့ ကို မှတ်မှတ် ရ ရ ရှိ နေဆဲပါ။ ဦးလေး ရဲ့ အာလူး ပို့ တဲ့ ကုန်ကားကြီး နဲ့  တခေါက်ဘဲ အရင်က မန္တလေးမြို့ ကို ရောက် ဖူး ခဲ့ပါ တယ်။
                                                             … 
စာကြိုးစားနော် သား .. မဟာမြတ်မုနိ ဘုရားကြီး ကို သွားဖူးပါ၊ ဘုရား ပရ၀ုဏ် ထဲမှာ ကြေးစန္ဒီရုပ် တွေလည်း ရှိတယ် .. ခေါင်းကိုက်ရင် သူတို့ခေါင်းကို ပွတ်ပြီး ဆုတောင်း၊ ဗိုက်နာ ရင် ဗိုက် ကို ပေါ့ လို့   အမေ မှာလိုက်တယ်။  
                                                             -
ပထမနှစ် နန်းရှေ့ ဆောင် အဆောင်သား ဘ၀ ကနေ စတုတ္ထ နှစ် အောင်မင်္ဂလာ ကျောင်းဆောင်သား ဘ၀ အထိ ၄နှစ် တာ ပညာဆည်းပူးရင်း နေခဲ့ တဲ့  မန္တလေးမြို့ ကို .. ကိုယ့်ရဲ့  ဒုတိယ ဇာတိမြို့  လိုဘဲ စိတ်ထဲမှာရှိ နေတတ်ပြီး ... တောင်ပေါ်က ဇာတိမြို့ငယ် လေးကို ချစ်သလို မျိုး ကျွန်တော် ချစ် တယ်၊ ဇာတိမြို့ငယ်လေးမှာ ကလေးဘ၀အရွယ်တွေ ကုန်လွန် ခဲ့ပြီး  လူငယ်ဘ၀ကိုတော့ ရွှေမန္တလေး မှာ ပျော်ရွှင် လွတ်လပ်စွာ ဖြတ်သန်း ခဲ့ ပါတယ် .. ဘ၀ကို ရင်ဆိုင်ဖြတ်ကျော် ဖို့ အတွက် လည်း အမိ တက္ကသိုလ်ကြီး က အတောင်အလက် တွေ တပ်ဆင်ပေး လိုက်ပါ တယ်။   
ဘ၀တာ ရဲ့ … လွမ်းမောတသ ဆုံး .. .. စိတ်အပျော်ရွှင်ခဲ့ဆုံး … ပြန်အလိုချင်ဆုံး .. ပြန်တွေးမိတိုင်း အကြည်နှုး ရဆုံး .. အစိတ်အပိုင်း ပါ။
ဆယ်ကျော်သက်ရွယ် ပထမ ဆုံး အမေ့အိမ် နဲ့ခွဲ ရတဲ့ အတွေ့အကြုံ နှင့် စိုးရွံ့ စိတ်တွေ ဟာလည်း နွေးထွေးတဲ့ အမိ မန်းတက္ကသိုလ် ရင်ခွင် မှာ ခိုလှုံရင်း ပြေပျောက် သွား ခဲ့ပါတယ်၊
အားလုံးက ချစ်ခင် လေးစား ကြတဲ့ မန္တလေး ၀ိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်  ပါမောက္ခချုပ် ဆရာကြီး ဦးကျော်မြင့် ... ကိုယ့်ရဲ့  ဘာသာရပ် ဆိုင်ရာ ဌာန .. ဆရာကြီး ဆရာမကြီး များ ...  .. တမြို့စီ တနယ်စီ က လာကြ အမိတက္ကသိုလ်ကြီး မှာလာ ဆုံစည်း ကြပြီး ညီအကို မောင်နှမ တွေလို ရင်းနှီး ခင်မင်သွား ကြတဲ့ သူငယ်ချင်း များ ......
                                     ----------------------------------------- 
ပထမနှစ် မှာ နေခဲ့ ရတာ အရင်က ပွဲကုန်းကျောင်းဆောင် လို့ ဆိုတဲ့ နန်းရှေ့ဆောင်ပါ၊ ကျောင်းကြီးနှင့် အဆောင်က ၃မိုင် ကျော်လောက်ဝေး ပြီး ဟီးနိုး ရိန်းဂျား ကားတွေနဲ့ ဖယ်ရီ ကြိုပို့ ပေးပါတယ်။ ၂၆- ဘီလမ်း နဲ့ ၇၃ လမ်း တွေ တလျှောက် နေ့စဉ် အသွားအပြန် ကျောင်းတက် ခဲ့ကြတာတွေ .. ဟာ .. မနေ့ တနေ့ က  လို  လို .... 
အင်း …  မပြော မရှိ နဲ့ ဟေ့  ဆိုတဲ့ ကျွန်တော်တို့အသံတွေ ကိုတော့ လမ်းတလျှောက် အိမ်တွေ နားငြီး ခဲ့ကြ မယ် ထင်ပါရဲ့ …
ကျွန်တော် တို့ ပထမနှစ် မှာ  ဦးသန့် အရေးအခင်း နဲ့ ကျောင်းတွေ ပိတ် လိုက်ပြီး  တက္ကသိုလ် စာမေးပွဲ တွေ ကိုယ် နေတဲ့ မြို့နယ် တွေမှာ ဖြေခဲ့ ကြရ တယ် ။
ဒုတိယနှစ် ရောက်တော့ မိန်းထဲက ရတနာပုံဆောင်၊ ဘူမိဗေဒ က သူငယ်ချင်း ၅ယောက် တခန်း နေခဲ့ကြ ပါတယ်  ..
နောက် .. အောင်မင်္ဂလာကျောင်းဆောင် မှာ တတိယ နှင့် ဖိုင်နယ် နှစ်တွေ ...
သိပ် ပျော်ခဲ့ ရတဲ့.. ပြန်တွေး မိတိုင်း ကြည်နှုးစွာ စိတ်လှုပ်ရှားမိ ရတဲ့ … တက္ကသိုလ် ကျောင်းသား ဘ၀ အချိန်တွေပါ ။
                                ---------------------------
ကျောင်းကြီး အရှေ့ဘက်က လယ်ကွင်းပြင်ကျယ်ကြီး .. လယ်ကွင်းပြင် ကြီး ရဲ့ ဟိုး အရှေ့ဘက် မှာ … စာမေးပွဲ ရာသီ ချိန် တွေ နီးလာ ပြီ ဆိုရင် ... ညဘက်မှာ တောင်ယာမီး တွေ လောင်နေ တတ်တဲ့ မှိုင်း ညှို့ ညှို့ ရှမ်းရိုးမ တောင်တန်းကြီး …
ပင်မအဆောက်အဦးကြီး နှင့် တိုင်ကြီး ၆ တိုင် ၊ ပထမနှစ် တုန်းက တက်ခဲ့ရတဲ့ ... Class ပြောင်း Bell သံ  “ ဒန်ဒန်ဒန်” လို့ မြည်တဲ့ AVA စာသင်ဆောင်ကြီး ၊ အဆောင်ကြေး ကျောင်းလခ တွေ တိုးဝှေ့ သွင်းခဲ့ရတဲ့ မိန်းက ငွေစာရင်းဌာန ၊ ရောင်စုံ စက္ကူပန်းရုံ တွေ ၀ိုင်းရံထားတဲ့ ရာဇတ်ဟော အပေါ်ထပ်က  ကျွန်တော် သတိရ နေမိသည့်  လိုင်ဘရီ  နှင့် ချစ်သူ ထိုင်နေတတ် သည့် စာကြည့်ခန်း
                                           ..
ဒတ်ဆန်း ပစ်ကပ် ဖယ်ရီ ကားလေးတွေ နဲ့ LCR မှာ ထမင်းဘူးလေး တွေ လာလာ ထားတဲ့ ဒေးကျောင်းသူ ချစ်စရာ ခင်မင်စရာ မန္တလေးသူ လေး များ …ဗောဓိကုန်း ပြင်ပ အဆောင်သူလေးများ၊ နန်းကေသီ ကဉ္စန ရွှေမန်း သစ္စာ မြတမာ  ကျောင်းဆောင်သူလေးများ ..
မန္တလေး တက္ကသိုလ် ရဲ့ ဂီတဆည်းဆာ ၊ကုက္ကိုပင်ကြီးပတ်လည်က ထိုင်ခုံဝိုင်းလေးတွေ၊ တက္ကသိုလ်ကြီးကို ရစ်ဝိုင်းပြီး စီးသွား တဲ့ ရေနီမြောင်း ဆိုတဲ့ ရေချောင်းလေး၊ ဌာန နောက်ဖက်က အမှတ် ၃ ဘတ်စကားဂိတ် .. ရွှေမန်းဆောင် သစ္စာဆောင် နှင့် မြတမာဆောင် တွေ ရဲ့ ပါလာချိန် ညနေခင်းများ၊ အဆောင် ရှေ့မှာ ဂီတ ၀ိုင်း တွေဖွဲ့ ခဲ့ကြတဲ့ ..  ဟိုးးးးး တုန်းက မန္တလေး ညတွေ…   မန္တလေး တက္ကသိုလ် ရဲ့ ညတွေ
                        … 
LCR ရှေ့ က မောင်းလေး တနောင်နောင် တီးလို့ လှည်းလေးနဲ့ မေ့ဘူးမောင် အချဉ်ပေါင်း၊ မန္တလာဆောင် နဲ့  ဇေယျာဆောင် တွေမှာ လာလာ ရောင်းတဲ့ အထမ်း နဲ့  မြီးရှည်သည်၊  ရတနာပုံ ကင်တင်း က ဒေါ်အမာ ရဲ့ ထ္မင်းသုတ်၊ ဒေါ်သန်းရဲ့ဘူးသီးကြော် နဲ့ ပဲထမင်း၊ ဦးဘဦး ခေါက်ဆွဲ ကြော် ဆိုင်တွေ....  တက္ကသိုလ်စာတိုက် ဘေး တမာပင်တန်း အောက်က အုတ်နီခဲလေး တွေကို ဆင့် ပြီး မီးဖို လုပ်ထားတဲ့  မုံ့ပျစ်သလက် ဆိုင်လေး ..
အဆောင် ထမင်းစားဆောင် က ညနေစာ ထမင်းစား သံချောင်း ခေါက်သံ ကို ဗိုက်ဆာဆာ နဲ့စောင့်နေခဲ့ ကြတဲ့ ညနေများ …
အနယ်နယ် က လာဆုံစည်း ကြတဲ့ ကျောင်းနေဖော် သူငယ်ချင်း များ ..
   သတိရ မိတိုင်း   …   ကျွန်တော်       အ ရမ်း      လွမ်း       ပါ   သည်  
ကျွန်တော် နဲ့ အရွယ်တူ မာဇူးဆင်း သူငယ်ချင်း တွေ၊ မေဂျာ အသီးသီး က Same Batch တွေ၊ တကျောင်းတည်း တက်ခဲ့ကြတဲ့  စီနီယာ ဂျူနီယာ ညီအကို မောင်နှမ တွေ မှတ်မိနေကြ လွမ်းမိနေကြ ဦး မှာပါ ။
ရေနီမြောင်းလေးရယ် .. နူတ်ဆက်ခဲ့တယ် .. တမာတော နဲ့ ဝေးရာကို .. သွားရတော့မယ် …
             မခွဲချင် ပါဘူး မခွဲနိုင်ပါဘူး … ချစ်ရတဲ့ အမိ မန်းတက္ကသိုလ် ရယ် ” ..
 မာဇူးဆင်း ကျောင်းသူ ကျောင်းသား အားလုံး ရကြ တဲ့ ဒီသီချင်းလေးနဲ့ကျွန်တော် နူတ်ဆက်ခဲ့ ပါ တယ် ..
                                  ____________________________
အပြီးအပိုင် မခွဲခွာ ရ သေးခင်တော့  မရောက် ရောက် အောင် လာခဲ့ ဦးမယ် … ရွှေမန္တလေး ရေ …
မိန်းကြီး ရဲ့ တိုင်ကြီး ခြောက်တိုင်ရှေ့က လှေကားထစ် တွေ ပေါ်မှာ ထိုင်ပြီး အပူအပင် နည်း ခဲ့တဲ့ ဘ၀လေး တွေကို ပြန်တွေးဘို့ ..အတိတ်တွေကို ပြန်ငေး ဘို့ လာခဲ့ဦးမယ် -- M A S U ရေ .. 
ကြို နေ နှင့် ပါ တော့ ကွယ်
                                               _________________
Final Exam အပြီးမှာ ဆရာများ ကို ကန်တော့ နူတ်ဆက်ပြီး အော်တိုဂရဖ် ရေးကြ ပါတယ်…
ဘ၀ ခရီး တွင် နိမ့်တုံ မြင့်တုံ ကြုံရတတ် ပါသည်၊ ဘ၀ ဒါဏ် ကို ခံနိုင်ရည် ရှိပါစေ ” လို့ ဆရာကြီး ဦးဘမော် ရေးပေးခဲ့ပြီး …
 “ မိမိ သင်ယူခဲ့သော ဘူမိဗေဒ ဘာသာရပ်သည် နောင်တချိန် ဘ၀ အသက်မွေး ၀မ်းကြောင်း အတွက် အထောက်အကူ ပြုပါစေ ”  ဟူ၍ ဆရာကြီး ဦးသော်တင့် ရေးပေး ပါတယ်။
ဆရာကြီး ဦးဘမော် ပေးသောဆု… ဘ၀ ဒါဏ်တွေ ခံ နိုင်နေဆဲ ဖြစ်ပြီး၊ ဆရာကြီး ဦးသော်တင့် ပေးသော ဆုလည်း ကျနော့် အတွက် ပြည့်ခဲ့ ပါတယ် ကျေးဇူးရှင် ဆရာ များ ခင်ဗျား …
တမ်းတခြင်း လွမ်းရခြင်း များစွာ ဖြင့်
မန္တလေး နှင့် မာဇူး ကို သိပ် သိပ်ချစ်သော …
M.A.S.U Geology,  ‘78 Batch မှ
မင်းခွန်စိုး
နန်းရှေ့ဆောင် နေခဲ့ဘူး တဲ့ သူတယောက် ယောက် ၊  မာဇူး ဆင်း  ၊Same Batch တယောက် ယောက် များ ဒီ ပိုစ့်လေး ဖတ်မိပြီး တခုခု ရေးခဲ့ပေး ရင်  ကောင်းမှာဘဲ ......
Tuesday, November 24, 2009
ကျနော် ရေး ကျနော် ဖတ်ပါဘဲ
တကယ်တော့ ဘာမှမသိ မလေ့လာ မစူးစမ်း ဘဲ ဘလော့ တခု စမ်း ရေးကြည့်မိ တာပါ။ လူတွေ နဲ့ မပြောရဲ မထိတွေ့ ရဲ သေးပါ .... တဖြေး ဖြေး တော့ ရေးကြည့်ကြည့် .....