Wednesday, March 16, 2011

ဆေးဘိုး ၀ါးခ

In the end, it is  all about money.

ငယ်တုံးက ကျနော်တို့ နေထိုင်မကောင်း ဖြစ်ပြီ ဆိုရင် မိဘတွေက..      ဦးချစ်ထူး နာဂ၀ီသ ငန်းဆေး ကို ကွမ်းရွက်ပြုတ်ရည် နဲ့ရော၊ ဖာတိပ္ဖိုလ်သီး ခြစ်ထည့် သံပူသတ်ပြီး တိုက်ပါတယ်။ အဖျားကြီးရင် ၀ံသည်းခြေ အနည်းငယ် ထည့် စသည်ဖြင့်ပေါ့လေ .. တိုင်းရင်းဆေးတွေနဲ့ ဘဲ ကြီးပြင်းလာခဲ့ကြပါတယ်။
တခါတလေ ကလောကမီးရထားဆရာဝန် ကြီး လာရင် အိမ်ပင့်ကြ တာမျိုးတော့ ရှိပါတယ် ..
အဲဒီတုံးက အောင်ပန်းတိုက်နယ် ဆေးရုံမှာ အောင်ပန်းသူ အောင်ပန်းသား တွေ ဆေးသွား သွား ပြီးတောင်းကြပါတယ် ...
အကိုက်အခဲပျောက်ဆေးပြား၊ အားဆေးပြား၊ အစာကြေဆေးရည်၊ တင်ချာ၊ ပတ်တီး ပလာစတာ စသည်ဖြင့် ... ဆေးရုံမှတ်ပုံတင်စာအုပ်နဲ့ အခမဲ့ ဝေပါတယ်။
အမျိုးသားဝါဒ် အမျိုးသမီးဝါဒ်  ကားရပ်ဖို့နေရာ၊ပန်းခြံ၊ စိန်ပန်းပြာပင် ချယ်ရီပင် ၀က် သစ်ချပင် တွေနဲ့ ကုန်းထိပ်မှာ ဆေးအဖြူရောင်သုတ်ထားတဲ့ အောင်ပန်းတိုက်နယ် ဆေးရုံဟာ ကြည့်ရတာ မျက်စိပသာဒလည်း ရပါတယ်။ မနက်၊နေ့၊ည တရက် သုံးနှပ်ကြွေးပြီး အခမဲ့ဆေးကု ပေးတယ် ဆိုတာ အခုဘက်ခေတ် မှာတော့ သမိုင်း လိုလို ပုံပြင်လိုလို ဖြစ်များနေပြီလား ... မိခင် နှင့် ကလေး စောင့်ရှောက်ရေးက UNICEF နို့မှုန့်တွေ အခမဲ့ဝေတာလည်း မှတ်မိပါသေးတယ်။
                       -----------------------------------------------------
ခေတ်စနစ်နဲ့ အချိန်ကာလတွေ ရွေ့လျား ပြောင်းလည်း နေတာနဲ့အတူ စီးပွားဖြစ်(စီးပွားပျက်) ကျမ္မာရေးဝန်ဆောင်မူ့ ပေးတဲ့လုပ်ငန်းတွေ၊ ပုဂ္ဂလိကဆေးရုံတွေ လည်းပေါ်လာပါတယ်။
တနေ့မှာ အလျိုလျို ထွက်သွားကြရမယ် ဆိုပေမဲ့ ဘ၀တဏှာ ဆိုသလို နေရတဲ့ တဘ၀၊ ရသလောက်လေး ဆွဲဆန့်ထားချင်ကြတာပေါ့  ...သူ့အချိန်ကျပြီ ဆိုရင်တော့လည်း  ဘယ် ပါရဂူသမားတော် နဲ့ကုကု သွားရတော့တာပါဘဲ..စပါယ်ရှယ်လစ် ဆိုတာ တန်ခိုးရှင်တွေ မှ မဟုတ်ကြတာလေ..
ဇော်ဂျီဖိုလ်ဝင်သား ဆိုတာ ဒီခေတ် မှာတော့ "ပိုက်ဆံ" လို့ပြောရမလားဘဲ......
                      ------------------------------------------------------
စင်ကာပူနိုင်ငံ ရဲ့အထူးထင်ရှား၊ လူသိများ သော ခွဲစိတ်အထူးကု အမျိုးသမီးဆရာဝန်ကြီး တဦး  .. ဘရူနိုင်းတော်ဝင် မိသားစုဝင် တဦးအပေါ်   ဆေးဘိုးဝါးခ တောင်းခံမူ့နဲ့ နောက်ဆက်တွဲ သတင်းများ ၂၃-၀၂-၁၁ သတင်းစာ ကစပြီး ပါလာပါတယ်။
အဆိုပါဆရာဝန်ကြီးဟာ နာမည်ထင်ရှားကျော်ကြားပြီး ..အာရှ ရဲ့ ပထမဆုံးနှင့် အသက်အငယ်ဆုံး အသည်းအစားထိုး ခွဲစိတ်အောင်မြင်ခဲ့တဲ့ ထူးချွန်ဆရာဝန်ကြီး တဦးဖြစ်ပါတယ် လို့ ၀ီကီ စာမျက်နှာ မှာပါပါတယ်  .
ဘရူနိုင်း နိုင်ငံဘုရင်ရဲ့ ညီမ၀မ်းကွဲတော်စပ်သူလည်းဖြစ် ဘရူနိုင်းမိဘုရားကြီးရဲ့ ညီမငယ် လည်းဖြစ်တဲ့ လူနာ ဟာ ဟာ ရင်သားကင်ဆာ အတွက် ဆရာဝန်မကြီးရဲ့ စောင့်ရှောက်ကုသမူ့ ခံယူခဲ့ပြီး ၂၀၀၇ သြဂုတ်လအစောပိုင်း မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဆေးကုသ စရိတ်တွေကို ၂၀၀၁ ခုနှစ် မှ ၂၀၀၇ အထိ ပေးချေ ခဲ့ပြီးဖြစ်ပါသတဲ့ ..
ကျန်ရှိနေသေးတဲ့ ၂၀၀၇ နှစ်စပိုင်း မှ ဇူလိုင်လ အထိ ၇-လစာ အတွက် ဆေးဘိုး+၀ါးခ ကျသင့်ငွေ တောင်းခံလာတော့..ဘရူနိုင်းကျမ္မာရေးဌာန မှ စင်္ကာပူကျမ္မာရေး ၀န် ကြီးဌာန ကို ဘီလ်တွေဟာ reasonable ဖြစ်မဖြစ် တင်ပြ မေးမြန်းလာပါတယ် ..  ဘီလ် တွေကြည့်ပြီး စင်္ကာပူ ဘက်မှလည်း စိတ်ပျက်လက်ပျက် ဖြစ်သွားရတယ် ဆိုပါတယ် .. ၇-လအတွက် ဆေးဘိုး+၀ါးခ က စင်္ကာပူဒေါ်လာ ၂၄.၈သန်း ( နောက်ပိုင်းမှာTax အပါ ၂၆သန်းလို့လည်းရေးပါတယ်) ပါတဲ့။
ဆရာဝန်မကြီး လည်း ချက်ခြင်းဘဲ ဘီလ် ကို ထက်ဝက် ခန့်အထိလျှော့ပေးလိုက်ပြီး ..နောက်ထပ် 3rd party ဆရာဝန်တွေကိုပေး ရန်အတွက် သာ ဆိုပြီး ဒေါ်လာ ၃.၂၅သန်း ဘဲပေးတော့ဘို့ နဲ့ ၊ နောက်ဆုံးတော့ဘရူနိုင်း ဘက်မှ  ဘီလ် တွေနဲ့ ပတ်သက်တဲ့ အမူ့ကိစ္စ အားလုံး ရပ်တန့်ကြေအေးမယ်ဆိုရင် ဘီလ်တွေ အားလုံး ကို လျော်ပစ်မယ် ဆိုတဲ့အထိ ဆရာဝန်မကြီးက ကမ်းလှမ်း ပါတယ် လို့ အစောပိုင်း သတင်းများမှာ ပါပြီး ကမ်းလှမ်းချက် ကို တဖက်မှ လက်မခံ ခဲ့ပါဘူး။ နောက်ပိုင်း သတင်းများ မှာတော့ အဲဒီလို ကမ်းလှမ်းတယ် ဆိုတာ မမှန်ပါ ဘူးလို့ ညင်းဆိုကြောင်း သတင်းတွေမှာ ပါပါတယ်။ (စလုံး ဆေးကောင်စီ နှင့် ဆရာဝန်မကြီး တို့ တရားရုံးမှာ တရားဆိုင်နေကြပါတယ်)
အခြားသော စပါယ်ရှယ်လစ်ဆရာဝန်များနဲ့ ပြသဆေးကုသမူ ခံယူရာမှာ ၄င်း ဆရာဝန် များမှ ကျသင့်ငွေတောင်းခံလွှာတွေ ကို အဆိုပါ ဆရာဝန်မကြီးထံဘဲ တင်ကြ ပါတယ်....  ဒီလိုတင် လာတဲ့ ဘီလ်တွေ ကို လူနာဘက်ကို ပြန်တောင်းတဲ့ အခါမှာတော့ ကျသင့်ငွေ တွေကို ပိုတင်ပါသတဲ့ ... ဥပမာ ...စပါယ်ရှယ်လစ်ဒေါက်တာ တဦးရဲ့ ဒေါ်လာ ၄၀၀ ဘီလ် တစောင် ကို (အဆ ၅၀၀ တင်ပြီး) ဒေါ်လာ ၂၁၁,၀၀၀ လို့တောင်းကာ .. နောက်ထပ် သူမကိုယ်တိုင်အတွက် (ကြပ်မတ်စောင့်ရှောက်ခခေါ်မလား) ဒေါ်လာ၃၀၅,၈၀၀ ထပ်ဆောင်းပါတယ်တဲ့ ... ဒီတော့ ၄င်း စပါယ်ရှယ်လစ်ဒေါက်တာနဲ့ ပြသကုသတဲ့အတွက် (ဒေါ်လာ ၄၀၀ဟာ) ကုန်ကြစရိတ် ၅၁၆,၈၀၀ ဒေါ်လာ ကျသွားတဲ့ သဘောပါ။ ဒေါ်လာ ၃၀၀၀ ဘီလ်တစောင် ဟာလည်း ဒေါ်လာ၂၈၅,၀၀၀ လို့  တင်ထားသတဲ့ ..
အဲဒီ ၇ လစာ အထွေထွေ ဆေးဘိုးဝါးခ စင်ကာပူပိုက်ဆံ ၂၆သန်း ကို ပေါက်ဈေး နဲ့ တွက်ကြည့်တော့ မြန်မာငွေ ၁၈.၂ ဘီလီယံ ရှိနေပါတယ် ... ကျွတ် ကျွတ် ... (ရိတ်ချက် ရိုတ်ချက် တယ် ပြင်း )
ကျွန်တော်တို့ နိုင်ငံ က အတော်အသင့် ချမ်းသာကြသူများရော မတရားချမ်းသာကြသူ များပါ စင်ကာပူ မှာ ဆေးလာကု ကြပါတယ် ... ၁၈ဘီလီယံ ဆိုတာ Peanuts ပါလေ ..
ကိုယ်လို သာမာန် ကုမ္ပဏီ ၀န်ထမ်းတယောက် အနေနဲ့ကတော့ ကျပ်၁၈.၂ဘီလီယံ  ကို (၁၈) ဘ၀ စုတောင် မရနိုင်တာမို့ ...ငယ်ဘ၀ ကုထုံးတွေဘက် ယူတန်း (U-Turn) တန်း လို့ ....
နာဂ၀ီသငန်းဆေး သောက်၊ အလေ့ကျပေါက်တဲ့ တပင်တိုင်မြနန်းဥ ရှာလိမ်းပြီး ယမမင်း နဲ့ Negotiate လုပ် ဘို့သာ ရှိပါကြောင်း ...

(ပုံ Google မှ ယူပါသည်)
mks