Tuesday, August 30, 2011

သွားနှင့်လေဦး

"THE only thing certain about life is DEATH"

တလောက သက်တူရွယ်တူ တန်း အသိ တယောက် ကွယ်လွန်သွားခဲ့သည် အရင်ကလည်း ရောဂါ ထူးထူးထွေထွေ ဖြစ်သံ မကြားခဲ့ .. ဗြုံးစားကြီး ပါဘဲ ... သွားနှင့်လေဦး ..


ငယ်သူငယ်ချင်း တွေနှင့် ကျောင်းနေဘက်တွေ ထဲကလည်း အတော်ပါ ကုန်ပြီး ဖြစ်သည် ..
ငယ်သူငယ်ချင်း စိုးလွင်၊ ထွန်းလွင်၊ ဂျော်နီ .. မောင်သင်း .. တို. သွားနှင့်ကြပြီ ...သွားနှင့်လေဦး ...


မန်းတက္ကသိုလ် တက်ဖက် ကျောက်ခဲ တွေထဲ က  .. အရင်ဆုံး ဆုံးသွား တာက တောင်သာသား ဇင်လှိုင် .. အသည်းရောဂါ .. နှင့် ဆုံးတော့ အသက် ၂၄နှစ် လောက်ဘဲ ရှိဦးမည် .. သူငယ်ချင်း ရဲ့နောက်ဆုံးခရီး ကိုတော့ ရန်ကုန် မှာရှိနေတုံး လိုက်ပို့ ခွင့်ကြုံ လိုက်သည်။ သွားနှင့်လေဦး   ဇင်လှိုင် ရေ..


Same Batch တွေထဲ က သိရသလောက် .. ကသာ ကိုအောင်ဝင်း .. တောင်တွင်းကြီး က အောင်ကြီး (MOGE)၊ ဗန်းမော် က ဖိုးချို (ဘဓရ ကွင်းဆင်းရင်းဆုံး).. တိုက်ပွဲ ကျသွားတဲ့(ဗိုလ်ကြီး) ဌေးမင်းထွန်း ... တောင်သာ ကျောက်ကာရွာက မြင့်ဆွေ .. ကန့်ဘလူ က ကိုမြအေး ..မန္တလေးသား ကိုမျိုးခင်    ..   နောက်တော့ သူငယ်ချင်းတွေ နှင့် အဆက်ပြတ် ကုန်ခဲ့သည်။
ခု နောက်ဆုံး သိရသလောက် က မြင်းခြံသား နိုင်ဖေ .. သူလည်း အသည်းရောဂါ နှင့် ဆုံးပါးခဲ့သည်။ သူ့ ရွှေရတုမှတ်တမ်း ဘလောက် မှာ သွားဖတ် ရင်း ကနေ ပြန်ဆုံသွား ခြင်းဖြစ်သည်။ နိုင်ဖေ အကြောင်း သတိတရ နှင့် အမှတ်ရ သလောက် အနည်းငယ် ရေးကြည့် ချင်ပါသည်။


သူနှင့် စခင်ရတာ မန်းတက္ကသိုလ် ဘူမိဗေဒ ဒုတိယ နှစ်သို့ မကွေး ကောလိပ် မှ Transfer ဖြင့် ရောက်လာပြီး .. ကျောက်မဲ မှ ကျနော် နှင့် အမျိုးတော်စပ်သူ မိန်းခလေးတယောက် ကို သူ နောက်ပိုး ပိုးရာ တွင် ကျနော်က ထောက်ခံမဲ ပေး သည့် အနေနှင့် လူလုံး လိုက်ပြပေး ရတာက နေ .. ပိုခင်သွား ကြခြင်း။ သူ့ကို ပေါ်တူဂီ ဟု နောက် ပြီးခေါ်ကြသည်။ " နိုင်ဖေ က ... အလောင်းဘုရား သံလျင် က ငဇင်ကာ့ နောက်လိုက် တွေကို ဖမ်းခေါ်လာတော့ .. အဲဒီ ပေါ်တူဂီ တွေ အညာသူတွေ နှင့် အိမ်ထောင်တွေ ကျပြီး ပေါက်ဖွား လာတဲ့ မျိုးဆက်တွေ ထဲ ကကွ .. သူ့မျက်နှာ ကြည့်ပါလား  ပေါ်တူဂီ ပုံ" .. ဟုတ်လေသည် မဟုတ်လေသည် မသိ နိုင်ဖေ ကတော့ ခတ်ပြုံးပြုံး လုပ်နေခဲ့သည်။


စင်္ကာပူ မှာ အလုပ်လုပ် ခဲ့သေးသည်..   ဂရင်းကဒ် မဲပေါက် လို့ အမေရိကန် ရောက်နေကြောင်း ဖုန်းထဲ ကနေ သူပြောပြပါ သည် ..
သူ အသည်း ရောဂါ ဖြစ်ကြောင်းလည်း ဖုန်းထဲမှာ ပြောဖြစ်ခဲ့သည်။ "ငါဖြစ်တာ ဇင်လှိုင့် လိုကွ .. ဒါပေမဲ့ ခု ဗမာဆေး တွေနဲ့ သက်သာနေလို့ ဒီက ဆရာဝန်တွေ တောင် အံ့သြ နေကြတယ်"
နောက်ပိုင်း သူ့အားနာ ကိုယ့်အားနာ နှင့် ဖုံးမဆက် ဖြစ်တော့ ... နိုင်ဖေ ဆုံးပြီ ဆိုတာကြားတော့ အတော် စိတ်မကောင်း ဖြစ်သွားရသည်။ ကျောင်းနေဘက် သူငယ်ချင်း ထဲမှ .. နောက်ပိုင်း အဆက်သွယ် မပြတ်ခဲ့သူ .. ကျနော့် ရေးတင်တဲ့ ပိုစ့် တွေ ကို ကွန်မင့် အမြဲ လာရေး ပြီး အားဖြည့်ပေးခဲ့သူ ... သွားနှင့်လေဦး .. ပေါ်တူဂီ ရေ ..


သွားနှင့်လေဦး သူငယ်ချင်း တို့ ရေ ...... အသက်ရှင်နေထိုင်ခြင်း နှင့် သေဆုံးခြင်း အကြားမှာ မျဉ်းပါးပါး လေး တကြောင်းလေးဘဲ ခြားထား တာပါ ။ အဲဒီ မျဉ်းလေးဟာလည်း မှိန်မှိန်ပါးပါး လေးမို့ ...အချိန်မရွေး လည်း ပျက်သွား နိုင်တာ မို့ ....

သွားနှင့်လေဦး သွားနှင့်လေဦး  ပြောရင်း နူတ်ဆက်ရင်း ..
နောက်လှည့် ကြည့်လိုက်တော့ ... ကိုယ့်နောက်မှာ ဘယ်သူမှ မရှိ တော့ ...


mks

No comments: