Saturday, April 10, 2010
နွေရက် မို့ ကြွေရွက်တို့ မြေသက်လို့ နေပြီ
 ဒီအချိန် ဆို
ကျနော်တို့ မြို့ လေးမှာ
                                 စိန်ပန်းပြာတွေ တပင်လုံးဝေနေအောင် ပွင့်ချိန်
                                             ဒါလည်းပန်းခရမ်းပြာ ဘဲလေ
              ငယ်တုံးက၀က်သစ်ချအပွင့်တွေက ၀တ်ရည် အချိုတွေ တက်စုပ်ကြတယ်
         ငါးဥသီးလို့ လည်းခေါ် ဆူးသီးလို့ လည်းခေါ် တဲ့ Yellow berry သီး တွေမှည့်ချိန်
                                   Mulberry လို့ လည်းခေါ်တဲ့ ပိုးစာသီး ပေါ်ချိန်
                                          (မှည့်ရင် နီညိုရောင် နဲ့  ချိုတယ်)
စတော်ဘယ်ရီပေါ်ချိန်၊
စွယ်တော်လို့ လည်းခေါ်တဲ့ တလ ပွင့်ချိန်
ရွှေဖီလက်ဖက်ခူးချိန်
(လက်ဖက်အညွှန့် လေးတွေက ဒီချိန် ဆို စိမ်းပြီး နူဖတ် နေတာပါ၊ မိုးရွာလိုက်ပြီဆိုရင်တော့ ရွက်ဖါးကြီးတွေ ဖြစ်ကုန်တယ်တဲ့) ကျောင်းသားဘ၀ တုန်းက ကျောင်းပိတ်ရင် ပင်လောင်း၊နောင်တရားဘက် ဈေးနေ့  တွေမှာ လက်ဖက်ခြောက် လိုက်ကောက်(၀ယ်)ခဲ့ဖူးတယ်။
 လဘက်ခြောက် ရွက်သစ်ပေါ်ချိန်
ပန်းသီးအရိုင်းလို့ ပြောတဲ့ ပင်စိမ်းသီး နေစာလောင် တွေကြွေချိန်
                                                    ပင်စိမ်းသီးကို ထောင်းစား၊ ဆားရည်စိမ်            ပြီး အချဉ်ပေါင်း လုပ်စားကြတယ်။
ဖယောင်းပန်း(သစ်ခွ) တွေပွင့်ချိန်
                               ဂနိုင်တွေထဲ မှာ ပုစဉ်းရင်ကွဲတွေ အော်ချိန်
(အတောင်တွေကိုတခု နဲ့ တခု ပွတ်တိုက်တာပါ။ တုတ်ချောင်းရှည်လေးမှာပိန္နဲအစေးတွေ သုတ်ပြီး ပုစဉ်းရင်ကွဲတွေ လိုက်တို့ ပြီးဖမ်း ကြော်စားကြတယ်)
                      တတောလုံး တတောင်လုံးက သစ်ပင်တွေ ရွက်နူစိမ်းလေးတွေ ထွက်ချိန်
            အာရှတေးသီငှက် Migrant ဥသြ တွေရောက်လာချိန်
       ဥသြဖိုတွေက အမဲရောင် ရှိပြီး၊  ဥသြအမတွေ က ပြောက်တိပြောက်ကျားတဲ့
                သူတို့ ရဲ့ မျက်စိ အရောင်တွေက နီရဲတောက်နေတယ်
                                                    အီကုတ် ပေါ်ချိန်
(မြေနန်းစံ ရွှေအီကုတ်၊ ဆူးပုတ် နဲ့ ရော၊ သိကြားမင်း မနေနိုင် ဇွန်းကိုင်လို့ ဆင်း)
        ဓနူ စာချိုးလေးတခုပါ
မြက်မန်းဥ၊ ဆူးပုတ်နု၊ သင်းဝင်၊ မြင်းခွာအမြစ်၊ ပိန္နဲသီးနု၊ ဟင်းရွက်ရောရာ၊ ဂေါ်ရခါးညွှန့် နုနု ပေါ်ချိန်
ကတက်ချဉ် တည်စားကြချိန်
(ဆေးဘက်ဝင်တယ်ဆိုပြီး သင်္ကြန် အကြတ်နေ့  သင်းဝင်ရွက်နု၊ အတက်နေ့ ကတက် စားတဲ့ဓလေ့ ရှိပါတယ်)
ကြက်သွန်ဖြူ အသစ်စပေါ်ချိန်
သင်္ကြန်ပြီးရင် တာတက်ပွဲ (မီးလုံးပွဲ)တွေ တရွာပြီး တရွာ ကျင်းပချိန်
                                                     ရှင်ပြု အလှုတွေ လှုချိန်
                                                     အာလူးစိုက်ဖို့ မြေပြင်ချိန်
                                     (မရှိတော့တဲ့)စမ်းချောင်းလေးတွေရေခမ်းချိန်
နွေရက်မို့  ကြွေရွက်တို့  မြေသက်လို့ နေပြီ  ( ဆိုင်တော့ မဆိုင်ပါဘူး သီချင်းစာသားလေးကြိုက်လို့ ပါ)
ဒီ ရာသီ ကျနော်တို့ ဆီ အလည်လာ လို့ ကောင်းတဲ့ အချိန် ပါ ..
အောင်ပန်းမြို့ မှ ကြိုဆိုပါတယ် ..
mks
ဓါတ်ပုံများ Google မှယူပါသည် ....
Friday, April 2, 2010
အမှိုက် ထဲက မြွေ
ရွာတခေါက်ပြန်တုံးက မီးပျက်တာ ရေခက်တာ မြောင်းပုပ်စော်နံတာ ခြင်ကိုက်တာ ဘတ်စကားကျပ်တာတွေ ကြုံတာကတော့ မိတ်ဟောင်း ဆွေဟောင်းတွေ ပြန်တွေ့ သလိုပါဘဲ အရင်ကလည်း အမြဲ ယဉ်ပါးခဲ့ပြီးသား နေသားကျပြီးသားတွေမို့ ထူးပြီး စိတ်ထဲ မှာဘာမှမရှိပါဘူး ..
တခုရှိတာကတော့  လက်ထဲက ဘူးခွံ စက္ကူ ပလပ်စတစ်အိတ်ခွံ စတဲ့ အမှိုက် တွေ ကို ပစ်ဘို့  နေရာလိုက်ရှာမိ တာဘဲ... ရောက်စမှာ ပြောတာပါ၊ နောက်တော့လည်း
When in Yangon, do as the Yangonians do   ဆိုတဲ့အတိုင်း ဖြစ်သွားတာပါဘဲ.. သွားထား ... ညှစ်ထား .. ထွေးထား ..ပစ်ထား .... ကိုယ့်လက် က ကျွတ် .. ဗြွတ် ဘဲ  ... 
ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့ နယ် ရပ်ကွက်တွေ ရဲ့  ချိုင့်တွေ မြေနိမ့်ရာ နေရာတွေမှာ တမြို့ လုံးက ထွက်တဲ့ အမှိုက်တွေ လာပစ် လာပုံကြတာ အဲဒီဘက်တွေ ရောက်ရင် တွေ့ ကြဘူးမှာပါ။ အမှိုက်တွေ ပြည့်သွားပြီးရင် အဲဒီအပေါ်ကို မြေကြီးလေးတွေ လာဖြူး ပါတယ် ခွေးတွေ ကြောင်တွေ အပေါ့အလေးသွားပြီး ခြေထောက်နဲ့ နောက်ဖက် မြေကြီး ကို ၃ ၊ ၄ချက် ယက်လိုက် သလိုမျိုးလေ။ နောက်တော့ မိုးရွာ နေပူလေတိုက် နဲ့  မြေကြီးတွေလည်း မရှိတော့ပါဘူး .. ကျွတ်ကျွတ်အိတ် အစတွေ ထိုးလိုးထောင်လောင်နဲ့ ။
ရန်ကုန်စည်ပင်သာယာရေးကော်မတီ ဌာနမှုးတဦးနဲ့  အင်တာဗျူး တခုမှာ “ကျနော် အမှိုက်ပစ်ဖို့ နောက်ထပ် နေရာ တွေ ထပ်တွေ့ ထားပါသေးတယ်” ဆိုပြီး ဂုဏ်ယူစွာ ပြောသွားတာ စာစောင် တခုမှာ ဖတ်လိုက်ရ တယ်... သူ့ အတွေးအခါ် ကိုယ့်အတွေးအခေါ် ပေါ့ .. အကြိုက်ချင်းသာ တူရင် ကုလားမ လင်ရမှာ မဟုတ်ဘူးဆိုတဲ့ ဗမာစကားလိုပေါ့။
ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက် မှာလည်း??  ဖြတ်သွားရင်၊လေသင့်ရင် ဆိုးဝါးတဲ့ အနံ့ တွေ နံမယ် မသာယာတာတွေ မြင်ရမယ် .. ပြီးတော့.. ပြီးတော့...သောက်သုံးရေကွာလတီ ၊ ရောဂါဘယ တွေ နဲ့ ကျမ္မာရေး .။
လူအများစု က သောက်သုံးရေအတွက် မြေအောက်ရေ ကို အားကိုးကြရပါ တယ်။
မြေကြီးအောက်က မြေအောက်ရေ တွေဟာ မိုးပေါ်ကလာတာပါ။ မိုးရေ ဆီးနှင်း တွေ မြေကြီးပေါ် ရောက်လာ ကျလာရင် မြေမျက်နှာပြင်ပေါ်က မြေသားအမျိုးအစားတွေ နဲ့ လိုက် ပြီး မိုးရေ ( မြန်မာပြည် အတွက်ကတော့ မိုးရေကအဓိက အကျဆုံးပါ) တွေဟာ အနည်းနဲ့ အများ မြေကြီးထဲ စိမ့်ဝင် သွားပါတယ်။ သဲဆန်မြေ ကျောက်စရစ်မြေတွေ မှာဆို ၅၀%အထိ၊ အခြားမြေတွေ  ရွှံ့ စေးမြေတွေ မှာတော့ ၅% ကနေ၂၀% အထိ မြေကြီးထဲ စိမ့်ဝင်တတ်ပြီး ကျန် ရေတွေကတော့ ချောင်း မြောင်းတွေထဲ စီးသွား.. အငွေ့ ပြန်ပြီး  လေထုထဲ ပြန်ရောက်သွားပါတယ်တဲ့။
မြေကြီးထဲ စိမ့်ဝင်လာတဲ့ရေတွေဟာ မြေအောက်ရေလွှာ ရောက်သည် အထိ အလွှာ အမျိုးမျိုး ဖြတ်ပြီး စိမ့်ဝင် သွားရာမှာ မြေလွှာ၊ကျောက်(အက်ရာ)အလွှာတွေဟာ ဘက်တီးရီးယား ပိုးတွေကို စစ်ထားနိုင်ပါသတဲ့၊ သို့ ပါသော်လည်း ဘက်တီးရီးယား တွေဟာ မြေအောက်ရေ အလွှာထဲ ၀င် ဘို့ လမ်းကြောင်းတခုခုတွေ့ ရင်တော့ အန္တရာယ်ကြီး မားတဲ့ ပိုး အစုအဝေးဟာ မြေအောက်ရေထဲ ရောက်ရှိနေတတ်ပါတယ်တဲ့။ အန္တရာယ် မပေးတဲ့၊ တချို့ ဆို အကျိုးပင်ရှိစေတဲ့သတ္တုဓါတ်တွေ မြေအောက်ရေထဲမှာပျော်ဝင် နေတတ်သလို၊ အန္တရာယ်ဖြစ်စေတတ်တဲ့ဓါတ်တွေ ဟာလည်း  တချို့ မြင့်မားတဲ့ နှုံးနဲ့  ပါဝင်နေတတ် ပါသတဲ့။
ခုန ကပြောတဲ့ အမှိုက်တွေဟာ လူနေရပ်ကွက်တွေထဲမှာ အထိန်းအချုပ်ကင်းစွာ လာပစ်ထားကြတာပါ။ အမှိုက်ဆိုကတည်းက မလိုလို့ စွန့် ပစ်တဲ့ အရာတွေပေါ့၊ အဲဒီ အထဲမှာ ဆေးရုံ ဆေးခန်းက စွန့် ပစ္စည်းတွေလည်းပါမယ် ထင်တယ်၊ (ကျနော်တို့ ဆီမှာ ဆေးရုံစွန့် ပစ္စည်းတွေ စနစ်တကျ စွန့် ပစ်တဲ့ စနစ်တွေ ကျနော် မလေ့လာဘူးသေးတာကြောင့် မှားနေရင် ထောက်ပြပေးပါ)။
 မိုးရွာချလိုက်လို့  ဒီအမှိုက်တွေ ဖြတ်ပြီး စီးလာတဲ့ရေတွေ မြေအောက်ရေလွှာ ထဲ ရောက်သွားရင် ရေတွေညစ်ညမ်း သွားမယ်။ မြစ် ချောင်းတွေ ညစ်ညမ်းနေတာ မျက်စိနဲ့ မြင်တွေ့ ရနိုင်ပေမဲ့ မြေအောက်ရေ ညစ်ညမ်းနေတာကိုတော့ မျက်စိ နဲ့ မမြင်နိုင်တာမို့  ကျနော်တို့ တွေ မျက်ကန်း တစ္ဆေမကြောက် ဖြစ်နေတယ်လို့ ထင်ပါတယ်။
ဝမ်းလျှောတာလောက် သာမာန်ဖျားတာနာတာလောက်၊ဒင်ဂီး တိုက်ဖွိုက်လောက် မကြောက်ရင်တော့
“ဒီမှာ ခင်ဗျားတို့ ကင်ဆာတွေဖြစ်ကုန်မှာနော” လို့ ခြောက်ထည့်လိုက်မယ်ဗျာ ..
ခက်တော့ခက်သား ကျနော်တို့ ကလည်း ကြွက်ဆေး သောက်သလို ချက်ချင်း တုံးကနဲ လဲသေသွားမှကြောက်တတ်ကြတော့လည်း ....
( “နေစမ်းပါဦး ကိုဟိုဒင်းရဲ့  ဒို့ က ဒီ ရေတွေ မသောက် မသုံး ရင် ဘာကို သောက်သုံးရ မှာလည်းကွာ လို့ မေးလာရင်တော့ .... ဟုတ်ကဲ့ ကျနော် အခုတော့ သွားစရာလေးရှိသေးလို့  အဟဲ အဟဲ ” ပါ)။
ကိုဝင်းမောင် ပြောသလိုဘဲ  ..  ပေါင်မုန့် မရှိရင် ကိတ်မုန့် စားကြတာပေါ့။
mks